ကျွန်မဆက်၍ရေးချင်သောဖေဖေ့အကြောင်းများ။ ဆောင်းပါးအမှတ်( ၅၄)။ ဖေဖေနဲ့ရဲဘော်တင်ရီ။ အရေးတော်ပုံဂျာနယ် အတွဲ(၃) အမှတ်(၄) မှာ ဖော်ပြမယ့်ဆောင်းပါး —ဟာ –ဟာ -ခင်ဗျား ခင်ဗျား သခင်ဇင်နောက်ကပါလာတဲ့ ဝေါကပြည်သူ့စစ်ခေါင်းဆောင်မဟုတ်လား။—– ကျွန်မတို့မိသားစု ၁၉၇၆ ခုနှစ် ဇူလိုင်လ ဗမာပြည်ကွန်မြူနစ်ပါတီကိုရောက်လာပြီးနောက် ဖေဖေနဲ့ကျွန်မကို ရဲဘော်ထွန်းက ဥက္ကဋ္ဌသခင်ဗသိန်းတင်နဲ့တွေ့ဖို့ ခေါ်သွားပါတယ်။ အဲဒီကာလက ဥက္ကဋ္ဌဦးစီးတဲ့ ပါတီကိုယ်စားလှယ်အဖွဲ့နဲ့ ကေ-အိုင်-အေအဖွဲ့ ခေါင်းဆောင်ဦးဘရန်ဆိုင်းဦးစီးတဲ့ ကိုယ်စားလှယ်အဖွဲ့တို့ တပ်ပေါင်းစုဖွဲ့ရေးဆွေးနွေးနေတဲ့ကာလပါ။ အစည်းအဝေးရှိတဲ့နေ့တွေမှာဆိုရင် မနက်အစောစာ အားလုံးစားပြီးရင် ကျွန်မတို့သားအဖက ကိုယ့်အခန်းကိုယ်ပြန်လာပါတယ်။ ဖေဖေနဲ့(ဂျပန်ခေတ်ဘီဒီအေကာလကတည်းက) ရင်းနှီးတဲ့ မင်္ဂလာဒုံစစ်တက္ကသိုလ်ဆင်းတွေဖြစ်တဲ့ ရဲဘော်မျိုးမြင့်(ရဲဘော်အောင်-နိုင်ငံရေးဦးဆောင်အဖွဲ့ဝင်)နဲ့ဗိုလ်သန်းရွှေ(၇၅ ဗဟိုကော်မတီ) တို့နှစ်ယောက် တယောက်တလှည့် ကျွန်မတို့သားအဖအခန်းကိုလာပြီး ရှေးဟောင်းနှောင်းဖြစ်တွေပြောရင်း ပါတီတွင်းအခြေအနေတွေကို မိတ်ဆက်ပေးပါတယ်။ တနေ့တော့ ဒီနေ့အရှေ့မြောက်စစ်ဒေသ နိုင်ငံရေးမှူးရဲဘော်တင်ရီ(နိုင်ငံရေးဦးဆောင်အဖွဲ့ဝင်)ရောက်မယ်လို့ကြားထားပါတယ်။ နေ့လည်ထမင်းစားခန်းမှာ အားလုံးဆုံတော့ ဥက္ကဋ္ဌက ရဲဘော်တင်ရီနဲ့မိတ်ဆက်ပေးချိန်မှာ ဆောင်းပါးအစမှာ ဖော်ပြထားတဲ့အတိုင်း ဖေဖေကတအံ့တသြပြောလိုက်တာပါ။ ရဲဘော်တင်ရီကဘာမှပြန်မပြောဘဲ သူ့သင်္ကေတမချိုမချဉ်ပြုံးထေ့ထေ့နဲ့ ဖေဖေလက်ကိုအားရပါးရဆွဲ-နှုတ်ဆက်ပါတယ်။ ဖေဖေကလည်း မပြီးနိုင်မစီးနိုင်ဆက်ပြီး— —-ခင်ဗျားတော်တော်ဆိုးတဲ့လူဗျာ။ ခင်ဗျားကြောင့်ကျုပ်တို့တတွေ သေမကုန်တယ်။ ကံကြီးပေလို့ပဲ။ —လို့မကျေမချမ်း ပြောလိုက်ပါသေးတယ်။ ပြီးမှ ဘေးကပါးစပ်အဟောင်းသားတွေနဲ့ဖြစ်နေတဲ့ ကျန်ခေါင်းဆောင်ရဲဘော်တွေကို အဖြစ်အပျက်အကြောင်းစုံကို ဇာတ်စုံခင်းပါတော့တယ်။ ၁၉၄၅-မတ်လ(၂၇)ရက်ဂျပန်တော်လှန်ရေးစတော့ ပဲခူးဒေသမှာအခြေစိုက်တဲ့ တိုင်း(၄)ရဲ့တိုင်းမှူးဖေဖေက စစ်ဌာနချုပ်အခြေစိုက်မယ့်-မြစ်ကျိုးဒေသကိုတပ်ချီလာရာမှာ နောက်နေ့မနက်မစောကြီး ဝေါမြို့လေးကိုရောက်တော့ ဖေဖေတို့ကို ကြိုနေသူက အဲဒီက ပြည်သူ့စစ်ခေါင်းဆောင်က ရဲဘော်တင်ရီ(ပဲခူးနေဝင်း) ပါ။ သူ့ရဲ့ပြောပြချက်အရ ဝေါမြို့သူကြီးအိမ်မှာ ဂျပန်(၂)ယောက်ရောက်နေပြီး ဝေါဘူတာရုံမှာလည်း ဂျပန်(၃)ယောက်သာရှိကြောင်း သိရသတဲ့။ အဲဒီတော့ဖေဖေတို့က ပွဲဦးထွက်ဒီဂျပန်တွေကိုတိုက်ဖို့ စီစဉ်တာပေါ့။ ဖေဖေတို့ကလည်း တိုင်းရုံးအဖွဲ့ပဲဖြစ်တာကြောင့် လူက(၂၀) ကျော်လေးပဲပါတယ်။ သင့်တော်သူလောက်ပဲထုတ်ပြီး (၂)သုတ်ခွဲ တသုတ်ကို သူကြီးအိမ်လွှတ် အဲဒီကဂျပန်(၂)ယောက်ကိုသတ်ခိုင်းပြီး ကျန်ရဲဘော်(၃-၄)ယောက်နဲ့ဖေဖေက ဘူတာရုံကိုချီတက်လာပါတယ်။ ဘူတာရုံလဲရောက်ရော ဘူတာမှာကဂျပန်(၄-၅)ယောက် စတွေ့ပါတယ်။ကဲ- ရောက်မှတော့မထူးဘူး၊ ဆက်တိုက်ရမှာပဲလို့စဉ်းစားပြီး တိုက်ဖို့အသေးစိတ်စီစဉ်နေတုန်းမှာပဲ သူကြီးအိမ်ဘက်က သေနတ်သံထွက်လာပြီး ဘူတာရုံနားရပ်ထားတဲ့ကားတစီး (တကယ်တော့ဘတ်စ်ကားက(၃)စီး၊ ကားပေါ်မှာလည်း ဂျပန်စစ်သား တပ်ခွဲတခွဲစာလောက်ရှိ)ပေါ်က ဂျပန်အရာရှိတယောက်ဆင်းလာပြီး ဂျပန်စစ်အရာရှိဝတ်စုံနဲ့ပဲရှိနေသေးတဲ့ဖေဖေ့ကို သေနတ်သံ ထွက်တဲ့ဘက်လက်ညှိုးညွှန်ပီးဘာဖြစ်တာလဲလို့မေးသတဲ့။ (ဂျပန်တော်လှန်ရေးစကာစမှာ ဂျပန်တပ်အတော်များများ မသိပါဘူး။ ဒါကြောင့် နေရာအတော်များများမှာအငိုက်မိကြပါတယ်။) ဖေဖေကလည်းပါးစပ်ထဲရောက်လာတဲ့ဂျပန်စကား-ကြိုယင် (စစ်လေ့ကျင့်ခန်း)လို့ပြောလိုက်တော့မှာ အဲဒီဂျပန်စစ်ဗိုလ် ကားပေါ်ပြန်တက်သွားသတဲ့။ ဒီတော့မှ ဖေဖေတို့တတွေ အမြန် ဆုတ်ရပါတော့တယ်။ (ညပိုင်းကျမှ ဝေါဘူတာရုံကို ဂျပန်တပ်ခွဲ(၁)ခွဲရောက်လာတာ ဘယ်သူမှမသိလိုက်တာပါ။) (ဒီအဖြစ်အပျက် အသေးစိတ်ကို ဖေဖေကသူ့စာအုပ်-ကိုယ်တိုင်ရေးအထုပွတ္တိ-ဆိုင်းစုမှသည် မန်ဟိုင်းဆီသို့(ယဉ်မျိုးစာပေထုတ်)နှာ၁၀၀-၁၀၁မှာ အပြည့်အစုံရေးထားပါတယ်။ ရဲဘော်တင်ရီကလည်း အရေးတော်ပုံစာစောင်မှာ ဆောင်းပါးရေးဖူးပါတယ်။) အဲဒီကာလကစလို့ ရဲဘော်တင်ရီနဲ့(နောက်ပိုင်းသူ့မိသားစုနဲ့ပါ)ကျွန်မတို့မိသားစုတတွေ ခင်မင်ရင်းနှီးလာကြပါတယ်။ ကျွန်မတို့ပါတီက ခေါင်းဆောင်ရဲဘော် အများတကာ့အများစုကြီးဟာ အဆင့်အသီးသီးကရဲဘော်များနဲ့ တရင်းတနှီး ခင်ခင်မင်မင် နေတတ်လေ့ရှိပါတယ်။ ဒီအထဲမှာတော့ ရဲဘော်တင်ရီက အလွန့်ကို တသားတည်းနေထိုင်တတ်သူပါ။ အသက်အရွယ်မရွေးဘယ်သူ့ကိုမဆို သူငယ်ချင်းပေါင်းပေါင်းတာပါ။ စကားအကောင်း အတည်တွေပြောနေရာကနေ ဖောက်ချင်ဖောက်ပြီး ဟာသကနှောတတ်လေ့ရှိပါတယ်။ ဒါတွေကြောင့်လည်း ရင်းနှီးတဲ့ရဲဘော်များရဲ့ ဝေဖန်မှုတွေ ခံရတတ်ပါတယ်။ ဒါပေမဲ့ပြုပြင်တာလည်း မတွေ့ဖူးပါဘူး။ ကျွန်မကိုလည်း တခါမှကောင်းကောင်းကန်းကန်း မခေါ်ဖူးဘူး။ မိလှခေါ်လိုက် ခွေးမခေါ်လိုက်နဲ့။ ပန်ဆန်းရောက်ပြန်တော့ ဒေါက်တာပေါက်တူးဆိုတဲ့နာမည် ထပ်ရပြန်တယ်။ စကားစပ်လာမိတော့ ကျွန်မ ဒေါက်တာပေါက်တူးဘွဲ့ ရခဲ့တဲ့အကြောင်းလည်း ပြောပြရဦးမယ်။ ပန်းဆန်းမှာ (၁၉၈၅ခုနှစ်) ပါတီရဲ့တတိယကွန်ဂရက် ကျင်းပဖို့ပြင်ဆင်နေချိန်အတွင်း အရှေ့မြောက်စစ်ဒေသ နိုင်ငံရေးဌာနကြီးရဲ့ဌာနမှူးရဲဘော်ကြည်ပြိုင်(၇၅ဗဟိုကော်မတီ-အရံဗဟိုကော်မတီဝင်) မကျန်းမမာဖြစ်ပါတယ်။ ဆေးလိပ်အလွန်ကြိုက်ပြီး တသက်လုံး သောက်လာသူဆိုတော့ အစောပိုင်းလေပြွန်ရောင်ရောဂါကနေ တဖြည်းဖြည်းအဆုပ်-နှလုံးရောဂါရလာပါတယ်။ ရောဂါပြင်းလာတော့ တဘက်နိုင်ငံပို့ဖို့စီစဉ်ပါတယ်။ သူကလက်မခံပါဘူး။ သေလည်း ဒီပန်ဆန်းမှာပဲသေမယ်တဲ့။ ဒီတော့ရဲဘော်တင်ရီက ကျွန်မနဲ့အရှေ့မြောက်စစ်ဒေသဆေးရုံက ဒုနိုင်ငံရေးမှူးဆရာမကြီးဒေါ်ငွေကိုခေါပြီး လူနာကိုအတတ်နိုင်ဆုံးစောင့်ရှောက်ကုသဖို့ တာဝန်ပေးပါတယ်။ လူနာကဆေးရုံလည်း မတက်ချင်ဘူးဆိုတော့(ရဲဘော်ကြည်ပြိုင်ဆိုတာကလည်း ဂျစ်တစ်တစ်၊ပေကပ်ကပ်ရယ်) အိမ်မှာပဲထားပြီး သူတို့ဌာနကဆေးမှူးလေးကို တာဝန်ပေးထားပြီး ကျွန်မတို့(၂)ယောက်က ညနေစောင်းမှ သွားသွားကြည့်။ နောက်နေ့အတွက် ညွှန်ကြားစရာရှိပြောခဲ့၊ ကျန်အချိန်တွေ လိုအပ်လာရင်… Read More »