၁၉၅၈ မှာဘာတွေဖြစ်ခဲ့လဲ။ (လှကျော်ဇော) အရေးတော်ပုံဂျာနယ်၊ အတွဲ(၃) အမှတ်(၄) မှာ ဖော်ပြမယ့်ဆောင်းပါး သြဂုတ်လ(၁၄)ရက်နေ့က ကာချုပ်ဗိုလ်ချူပ်မင်းအောင်လှိုင်နဲ့ နိုင်ငံရေးပါတီ(၃၄)ပါတီကခေါင်းဆောင်များနဲ့ တွေ့ဆုံပါတယ်။ တပ်ကပြောတော့နိုင်ငံရေးပါတီများက တောင်းဆိုလို့တဲ့။ နိုင်ငံရေးပါတီတချို့ကပြောတာက ဖိတ်ကြားခံရလို့တဲ့။ (အဲဒီဖြစ်ရပ်ကိုက နှစ်ဖက်စလုံးလိပ်ပြာမလုံမှုကိုပြတာပါ) တွေ့ဆုံပွဲအပြီး တပ်ဖက်ကလည်း ထုတ်ပြန်ချက်ထုတ်၊ တက်ရောက်တဲ့ပါတီများ ဖက်ကလည်း သတင်းစာရှင်းလင်းပွဲတွေလုပ်နဲ့။ သတင်းအရှုပ်အရှင်းအမျိုးမျိုးထွက်လာနေပေမယ့် လူအများစိတ်ဝင်စားတဲ့အချက်(၂)ရပ်ကတော့—— ၁။ လာမယ့်ရွေးကောက်ပွဲ တရားမျှတမှုမရှိရင်တပ်မတော်အနေနဲ့ဝင်ရောက်ကူညီဖို့—-ဆိုတာနဲ့ ၂။ ကာချုပ်ရဲ့-မလုပ်ရဲတာမရှိ၊ဘာမဆိုလုပ်ရဲတယ်—-ဆိုတဲ့ပြောကြားချက်များပါ။ ဒီတော့ တပ်လော်ဘီများထဲက မရဲတရဲမပွင့်တပွင့် ရေးသားမှုတွေ(တကယ် တော့ခြေဆင်းလမ်းခင်းတာ)ပေါ်လာပါတယ်။ (—– ဗမာပြည်ဟာ၁၉၅၈ခုနှစ်တုန်းကလိုအခြေအနေပြန်ရောက်နေပြီ။ ဟိုတုန်းကနိုင်ငံရေးသမားများ အသုံးမကျလို့ တိုင်းပြည်ကိုမထိန်းနိုင်တော့လို့ တပ်ကိုအာဏာထိုးအပ်ရတာ။ တပ်အနေနဲ့မလွှဲမရှောင်သာလို့ဝင်အာဏာယူခဲ့ရတာ။ အခုလည်း နိုင်ငံရေးသမားတွေ မညီမညွတ်ဖြစ်ပြီး၊ တပ်ကိုအကူအညီတောင်းရပြန်ပီ။——) တဲ့။ ဟုတ်ကဲ့။ ဒီတော့ ၁၉၅၈ ကို သိမီသူများက ဘာတွေတကယ်ဖြစ်ခဲ့သလဲဆိုတာ ပြန်ပြောပြဖို့လိုလာတာပေါ့။ (မှတ်ချက်။ အကြောင်းအရာအချက်အလက်များ၊ နေ့စွဲများစတာများကို ကိုးကားတဲ့စာအုပ်များကတော့—— ကိုးကားအမှတ်(၁)။ ၁၉၉၀။ ပြန်ကြားရေးဝန်ကြီးဌာနထုတ်။ ပြည်တွင်းသောင်းကျန်းမှုသမိုင်း။ အပိုင်း(၂)။ ရဲဘော်သစ်မောင်။ ကိုးကားအမှတ်(၂)။ ၁၉၉၀။ ပြန်ကြားရေးဝန်ကြီးဌာနထုတ်။ ၁၉၄၈ မှ ၁၉၈၈ ခုနှစ်အတွင်း ဖြတ်သန်းလာသော မြန်မာ့သမိုင်းအကျဉ်းနှင့်တပ်မတော်ကဏ္ဍ။ တပ်မတော်သားသုတေသီတဦး။ -တို့ဖြစ်ပါတယ်။ အဲဒီစာအုပ်(၂)အုပ်လုံး အများအားဖြင့်ကိုးကားထားတဲ့စာအုပ်က ၁၉၆၉ခုနှစ်။ ပုဂံစာအုပ်တိုက်ထုတ်။ မြန်မာနိုင်ငံရေးခရီးနှင့် ဗိုလ်ချုပ်ကြီးနေဝင်း။ ဒေါက်တာမောင်မောင်။ ဖြစ်ပါတယ်။ ရှစ်-၄-လုံးအရေးတော်ပုံကြီးကို ရက်ရက်စက်စက်ဖြိုခွဲ-အပြီး နဝတအာဏာသိမ်းပြီးနောက် မိမိတို့ဒီလိုလုပ်တာတွေ တရားတယ်ဆိုတဲ့ပုံရိပ်ကိုတင်ဖို့အတွက် ထုတ်ဝေထားတဲ့စာအုပ်များပါ။ တနည်းပြောရရင် စစ်အာဏာရှင်စနစ် ဆက်လက်ထိန်းသိမ်းရေးအတွက် ရည်ရွယ်ခဲ့တာပါ။ ဖြစ်ရပ်မှန်တချို့တဝက်၊ ဖုံးတာဖုံးမလွှဲမရှောင်သာ ဖော်တန်ဖော်နဲ့ သူတို့သွင်းချင်တဲ့တရားတွေ ရောထွေးရေးထားပါတယ်။ (ဒါကြောင့် ဒီစာအုပ်တွေကို ဆန့်ကျင်ဘက်အမြင်ကနေပဲ ကြည့်ရှုကိုးကားတာ ဖြစ်ပါတယ်။) အဲဒီကာလက လူတချို့ကို လှည့်စားကောင်းလှည့်စားနိုင်ခဲ့ပေမယ့် အခုစစ်အာဏာရှင်စနစ်တကျော့ပြန်(နဝတ-နအဖ)အလွန်ကာလများမှာတော့ လက်တွေ့ဖြစ်ရပ်များနဲ့ချိန်ထိုးကြည့်ရအောင်ပါ။) ၁။၁၉၅၈ –မုန်တိုင်းအစ။ ၁၉၅၈ခုနှစ် ဗမာပြည်ရဲ့နိုင်ငံရေးခရီးမှာ (အဆိုးဖက်)ပြောင်းဖို့တာစူတဲ့ကာလလို့ ဆိုနိုင်ပါတယ်။ စစ်အာဏာရှင်စနစ်အစပျိုးတဲ့ ကာလလို့လည်း ပြောလို့ရပါတယ်။ ၁၉၄၈ခုနှစ် ဗမာပြည်ကြီးလွတ်လပ်ရေးရပြီးးနောက် အာဏာရလာတဲ့ဖဆပလပါတီဟာ အနှစ်(၄၀)ခံရစေမယ်လို့ ကြွေးကျော်ခဲ့ပေမယ့်(၁၀)နှစ်အကြာ-၁၉၅၈ဧပြီ(၂၇) မှာနုတင်(သန့်ရှင်း)-ဆွေငြိမ်း(တည်မြဲ)ဆိုပြီးနှစ်ခြမ်းကွဲပါတယ်။ ဗြိတိသျှအင်္ဂလိပ်နယ်ချဲ့သမားများဟာ၁၉၄၇ ခုနှစ် သူတို့ရဲ့လက်ကိုင်တုတ်အဖြစ်မလုပ်မယ့် ဗိုလ်ချုပ်အောင်ဆန်းကိုလုပ်ကြံလိုက်ပြီး ပြည်သူလူထုတွင်း ကျောင်းသားလှုပ်ရှားမှုအဝန်းအဝိုင်းတွင်းကလာလို့ လူထုအကြားမှာ အမြင်ကောင်းနေတဲ့ ဦးနုကိုဆွဲတင်လိုက်လို့သာ ဦးနုကဝန်ကြီးချုပ် ဖြစ်လာရတာ။ ဖဆပလထဲမှာ တကယ်တော့ မိုးကောင်းနေတာကဦးဗဆွေ-ဦးကျော်ငြိမ်းတို့ဆိုရှယ်လစ်အုပ်စုပါ။ တပ်တွင်း ဆိုရှယ်လစ်အုပ်စုဖြစ်တဲ့ဗိုလ်နေဝင်း၊ ဗိုလ်အောင်ကြီး၊ ဗိုလ်မောင်မောင်တို့ကျေးဇူးကြောင့် သူတို့ ဒီလို မိုးကောင်းနေနိုင်ကြတာပါ။ သူတို့တတွေ အဲဒီခေတ်ကကာကွယ်ရေးဝန်ကြီးဦးဗဆွေအိမ်မှာ အမြဲဆုံပြီး ဆိုရှယ်လစ်ပါတီခိုင်ခန့်ရေးအတွက် ဆွေးနွေးတိုင်ပင် နေကြသတဲ့။(ကိုးကားအမှတ်(၁) နှာ-၁၆၃) ဒီတော့ဦးနုက နောက်ပိုင်း ဘဝရှင်မင်းတရားကြီး ဆန်လာမှုကြောင့်ရော၊ ဝန်ကြီးများအချင်းချင်း အဝေမတဲ့မှုတွေကြောင့်ရော ဦးနုနဲ့ ဦးကျော်ငြိမ်းတို့အုပ်အကြားကပဋိပက္ခတွေ ပြင်းထန်လာပါတယ်။ နောက်ဆုံးဖဆပလနှစ်ခြမ်းကွဲရာမှာ ဦးနုဘက်ကို ပမညတဆိုတဲ့ လက်ဝဲတပ်ပေါင်းစုအုပ်က ထောက်ခံလို့သာ ဦးနုရာဇာပလ္လင်မပျောက်တာ။ တကယ်တော့ တပ်တွင်းဆိုရှယ်လစ်အုပ်စုက ၁၉၅၆ ခုနှစ်ရွေးကောက်ပွဲမှာ ပမညတကအင်အားတက်လာမှုကို မျက်စိစူးနေပါပြီ။ ဗိုလ်နေဝင်းကိုယ်တိုင်က ဒီအတိုင်းဆက်သွားရင်တော့ နောက်ရွေးကောက်ပွဲ (၂)ကြိမ်လောက်ဆိုဒီကောင်တွေ(ပမညတကိုဆိုလို) အာဏာရတော့မှာလို့ပြောဖူးသတဲ့။ ဒီမိုကရေစီအလင်းရောင်အောက်မှာ မနေနိုင်သူများဟာ ပြည်သူလူထုကိုလည်း ဘယ်တော့မှ ဒီမိုကရေစီမပေးပါဘူး။ (အခု ကာချုပ်မအလ သမ္မတရောဂါတက်နေတာရဲ့အခြေခံကလည်းဒါပါပဲ) ဖဆပလကွဲအပြီး အချင်းချင်းကလော်ကြဆော်ကြရာက အပြစ်အနာအဆာတွေပေါ်လာပြီး နိုင်ငံရေးသမားတွေ ဂုဏ်သိက္ခာ ကျလာတာတွေလည်း ရှိတော့ရှိပါတယ်။ ၁၉၅၈ဖဆပလအကွဲကနေ တပြည်လုံးအင်အားစုအတော်များများ ပြိုကွဲသွားကြပြီး နိုင်ငံရေးအခြေအနေတွေ တင်းမာလာခဲ့ပါတယ်။ ၁၉၅၈စက်တင်ဘာ(၂၃-၂၄)မှာ သန့်ရှင်းအစိုးရဝန်ကြီးချုပ်ဦးနုနဲ့ အဲဒီကာလ ဗမာ့တပ်မတော်က (ဆိုရှယ်လစ်များလည်းဖြစ်တဲ့) အရာရှိကြီးများဖြစ်တဲ့ ဗိုလ်မှူးချုပ်အောင်ကြီး၊ ဗိုလ်မှူးချုပ်တင်ဖေ၊ ဗိုလ်မှူးကြီးမောင်မောင်တို့ တွေ့ဆုံခဲ့ကြပါတယ်။ အထက်မှာဖော်ပြခဲ့စာအုပ်များအရ ဦးနုကခေါ်လို့ တပ်ဖက်က သွားအခြေအနေတွေရှင်းပြရတာလို့ ဆိုပါတယ်။ ဦးနုတို့ဘက်ကတော့ တပ်ဘက်ကလာပြီး (၆)လအတွင်း(၁၉၅၉ ဧပြီလမကုန်မီ) ရွေးကောက်ပွဲကျင်းပပေးမယ်ဆိုတဲ့ကတိကြောင့် အာဏာလွှဲပေးလိုက်ရတာ ဖြစ်ကြောင်းလို့ဆိုပါတယ်။အဲဒီကာလက ဦးနုအိမ်ကအောင်ပွဲခံပြန်လာတဲ့ စစ်ဗိုလ်များရဲ့ပုံကို သတင်းထောက်များက ရအောင် ရီုက်ယူနိုင်ခဲ့ပါတယ်။(ပူးတွဲပါပုံ။) ဒီလိုနဲ့ စက်တင်ဘာ(၂၆)ရက်နေ့စွဲနဲ့ ဦးနုနဲ့ဗိုလ်နေဝင်းတို့ရဲ့ အပြန်အလှန်ပေးစာများထွက်လာပြီး အိမ်စောင့်အစိုးရတက်လာပါတော့တယ်။ အိမ်စောင့်အစိုးရက နောက်(၂)နှစ်အကြာ ၁၉၆၀ခုနှစ်မှာ အထွေထွေရွေးကောက်ပွဲ ကျင်းပပေးခဲ့ပါတယ်။ ဒီရွေးကောက်ပွဲကို အဲဒီခေတ်ကာလ နိုင်ငံတကာသတင်းများက–ဗိုလ်ချုပ်နေဝင်းရဲ့ အိမ်စောင့်အစိုးရအပေါ်ဆန္ဒခံယူပွဲ–လို့ခေါ်ဝေါ်ခဲ့ပါတယ်။… Read More »